Saturday, June 16, 2012

Ticketing Girl


လူရှင်းမရှင်း တချက်ကြည့်လိုက်ရင်း…. လက်မှတ်အရောင်းကောင်တာမှာ တန်းစီဖြစ်သည်။ အရှေ.မှာ တစ်ယောက်ဘဲ ရှိသလို နောက်မှာလဲ တစ်ယောက်မှ မရှိတော့ တော်တော် အဆင်ပြေသွားသည်။

အိတ်ကပ်ထဲမှ ငွေအကြွေတွေကို လက်နှိုက်ကာ ဆော့ကစားနေမိသည်။ အရှေ.မှလူ လက်မှတ်ဝယ်ပြီးသဖြင့် ကိုယ့်အလှည့်ရောက်လာသည်။

လက်မှတ်ရောင်းတဲ့ အသားဖြူဖြူ ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးကို ရီပြရင်း နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ”

“မင်္ဂလာပါ” သူမကလဲ ယဉ်ကျေးစွာ ပြန်နှုတ်ဆက်သည်။

 “ဒီနေ့ လူရှင်းတယ်နော်”

ကောင်မလေးကလည်း ပတ်ဝန်းကျင်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ရင်း

 “ဟုတ်တယ် အစ်မ….ဒီနေ့က အင်္ဂါနေ့ဆိုတော့ လူနဲနဲရှင်းတယ်၊ ကြာသပတေး၊ သောကြာဆိုရင်တော့ ဒီလိုအချိန်တော်တော်ရှုပ်တယ်” ဟု ချစ်စဖွယ်ပြန်ဖြေသည်။

“ဟို….မြို.ထဲသွားတဲ့ လက်မှတ်ဝယ်ချင်လို.ပါ။ အကြွေတွေဘဲ ပေးလို.ရမလားဟင်။ နဲနဲတော့ ရေတွက်ရတာ အချိန်ကုန်မယ်ထင်တယ်။ ဒါပေမယ့် လူရှင်းနေတော့ အဆင်ပြေမယ် ထင်ပါတယ်” ကိုယ် နဲနဲအရဲစွန့်ပြီးပြောလိုက်မိသည်။

ကောင်မလေးက တစ်ချက်စဉ်းစားသလိုလုပ်နေသည်။

“အဆင်မပြေရင်လဲ ထားလိုက်ပါ။ တခြားနေရာမှာဘဲ သုံးလိုက်တော့မယ်” ပြောရင်း…ပိုက်ဆံအိတ်ကို ပြန်ထုတ်လိုက်သည်။

“ရပါတယ် အစ်မ၊ အကြွေဘဲပေးပါ” ကောင်မလေးက ချက်ချင်း ပြုံးချိုစွာ ပြန်ပြောသည်။ “ဖြူ ကူညီပေးနိုင်ပါတယ်။ တခြား လက်မှတ်ဝယ်တဲ့ လူလဲ ရှိမှ မရှိတာ”….

“အိုး…. ဒါဆိုရင်တော့ ကျေးဇူးဘဲ…” ကိုယ်ပျော်ရွှင်စွာ အိတ်ထဲမှာ လေးလေးပင်ပင်သယ်လာရသော အကြွေစေ့တွေ ထုတ်ပေးလိုက်သည်။ စုစုပေါင်း ၂၅စေ့…

သူမစိတ်ရှည်လက်ရှည် ရေတွက်ယူရင်း …ရွှေရောင်အကြွေစေ့လေး ၂စေ့နှ့င့်အတူ အစိမ်းရောင် ရထားလက်မှတ်ဖြတ်ပိုင်းလေးကို ထုတ်ပေးသည်။

“ပျော်ရွှင်သော ခရီးစဉ်ဖြစ်ပါစေ”

လက်သည်းလေးတွေ တိတိကျကျညှပ်ထားသော လက်ဖြူဖြူလေးနှင့် မထိမိအောင် လက်မှတ်နှင့် အကြွေစေ့ကို သေချာလှမ်းယူဖြစ်သည်။

“ကျေးဇူးဘဲနော်… သွားပြီ”



ဒုတိယနေ့



ဒီနေ့လူနဲနဲရှုပ်သည်။ လက်မှတ်ကောင်တာမှာ တန်းစီနေရင်း ကိုယ့အလှည့်ကိုရောက်လာသည်။

“မင်္ဂလာပါ”

“မင်္ဂလာပါ အစ်မ။” ပိုးဟပ်ဖြူမလေးက ကိုယ့်ကို မှတ်မိနေသည်။ (သူမက ဖြူဖြူ သေးသေးလေးမို. ပိုးဟပ်ဖြူမလေးဟု nick name ခိုးပေးထားမိသည်။)

“မြို.ထဲသွားတဲ့ လက်မှတ် ၁စောင်ပေးပါနော်” ဒီနေ့တော့ ၂၅ ကျပ်တန် ပိုက်ဆံကိုပေးဖြစ်သည်။ ဟုတ်တယ်လေ အကြွေစေ့တွေ ထုတ်ပေးရလောက်အောင် အခြေအနေကမှ မပေးတာ။ နောက်မှာ လက်မှတ်ဝယ်ဖို. လူတွေ တန်းစီနေသည်။

ကောင်မလေးကလဲ ဘာမှထူးထူးထွေထွေမေးမနေပါ။ အစိမ်းရောင် လက်မှတ်တစ်စောင်ထုတ်ပေးသည်။

“ပျော်ရွှင်သောခရီးစဉ်ဖြစ်ပါစေ အစ်မ” ဟု ပြုံးပြုံးလေး ပြောသည်။

“ကျေးဇူး ညီမလေး” ပြန်ပြောရင်း သူမလက်နဲ့ မထိအောင် လက်မှတ်ကို ယူသည်။

ရထားစိုက်နေပြီ။ ရထားမှီင်္အောင် ခပ်သွက်သွက်ထွက်လာလိုက်သည်။



နောက်နေ့တွေ….

လူရှုပ်ရင် ပုံမှန်အတိုင်းလက်မှတ်ဝယ်ပြီး၊ လူရှင်းရင် အကြွေစေ့နှင့် လက်မှတ်ဝယ်ရင်း သူမနှင့် စကားအချို.ပြောဖြစ်သည်။ သူမနာမည်က “ဖြူစင်”… ကျောင်းတတ်ရင်း လက်မှတ်ရောင်းတဲ့အလုပ်ကို part time ၀င်လုပ်နေသူ။ အသက်က ၁၉နှစ် စသဖြင့် သူမအကြောင်းအချို.ကို သိလာခဲ့သည်။



သူမကလဲ ကိုယ့်အကြောင်းတချို.ကို မေးလာတယ်။

ဘာလို. လက်ထဲမှာ အကြွေတွေအမြဲရှိနေသလဲ။ ဘာလို. မြို.ထဲကိုနေ့တိုင်းသွားလဲ စသဖြင့်ပေါ့။

အဆင်ပြေသလိုကြည့်ဖြေလိုက်တယ်။ အဖြေတွေဟာ အမှန်မဟုတ်တာ သူမလဲ နဲနဲတော့ ရိပ်မိမှာပါ။

.

.

.

စာသင်ချိန် ခဏနားတုန်း ဖုန်းထဲမှ ဓာတ်ပုံလေးကို ကြည့်နေရင်း တစ်ယောက်တည်းပြုံးနေမိတယ်….

“ဟိတ်…တစ်ယောက်တည်း ဖုန်းကိုကြည့်ရင်း ဘာပြုံးနေတာလဲ။” သူငယ်ချင်း ယုနိုင် ရောက်လာပြီး ရုတ်တရက်မေးသည်။

“အာ…ဘာမှ မပြုံးပါဘူးဟာ” ကိုယ်မလုံမလဲ ဖြေမိသည်။

“မညာပါနဲ့ဟာ၊ နင့်မျက်လုံးတွေက အသက်ဝင်ပြီးပြုံးနေတာ ငါသိတယ်။ မှန်မှန်ဖြေ ကောင်လေးပုံလား၊ ကောင်မလေးပုံလား။ ငါ့ကိုလဲ ပြလေဟာ….” ယုနိုင်က အတင်းမေးသည်။

ရုတ်တရတ် ဖုန်းကို ဆက်ကနဲ ဆွဲလုခံလိုက်ရသည်။ ကြည့်လိုက်တော့ အခင်ဆုံး သူငယ်ချင်း ဟေမာန်…

“ဟာ…ငါ့ဖုန်း ပြန်ပေးဟာ….” ချက်ချင်း ဟေမာန့်ကို အော်ရင်း ဖုန်းကို ပြန်လုတယ်…

မရပါ..ဟေမာန်က နောက်ပြန်လှည့်ပြေးရင်း ဖုန်းကို ဖွင့်ကြည့်တယ်။

ယုနိုင် ပါ ဟေမာန်.ဆီပြေးရင်း ဖုန်းကို အသဲအသန်လုကြည့်တယ်…

တွေ.သွားပြီ။ ဟူး…………..

“၀ိုး…..ကောင်မလေးကချစ်စရာလေး….ငါသူ.ကိုသိတယ်.. ဘူတာရုံ လက်မှတ်ရောင်းတဲ့ဌာနက ကောင်မလေး..”

ရုတ်တရက် အံ့သြသွားတယ်။ ဟေမာန် သူမ ကို ဘယ်လိုသိနေပါလိမ့်

“နင် သူ့.ကိုသိလား” ဟန်မဆောင်နိုင်စွာမေးမိတယ်…

“အင်း….ငါလဲ လက်မှတ်ဝယ်ရင်းနဲ့ သိတာလေ၊ နင်ကြိုက်ရင် မြန်မြန်လိုက်တော့လေ…သူ.ကိုကြိုက်နေတဲ့သူတွေက အတော်များတယ်၊ တော်ကြာ ကျန်ရစ်ဖြစ်နေဦးမယ်”

ဟု ဟေမာန်က ပြန်ပြောသည်။

ယုနိုင် ကလည်း “သူငယ်ချင်း ကျန်ရစ်တော့ အဖြစ်မခံနဲ့ဟ… မြန်မြန် ကြိုးစားတော့”

“ဟာ…. ငါ မကြိုက်ပါဘူးဟ” ဟု ရှက်ရွံ.စွာပြောမိတော့

“ဟမ်..မကြိုက်တဲ့ မျက်နှာကလဲ ဒီအကြောင်းလေးပြောတာတောင် နီရဲနေပြီ။” ယုနိုင် ကပြန်ောအ်ာသည်။

ဟုတ်တယ်။ ကိုယ့်မျက်နှာတွေ ပူထူနေပြီ။

သူတို.ကို ဘာမှ ပြန်မပြောဘဲ ဖုန်းကောက်ယူပြီး ထွက်လာခဲ့သည်။

.

.

.

တနင်္လာနေ့

ဒီနေ့ လူတွေမရှုပ်ဘူး။ တမင်တကာ နောက်ဆုံးမှာ တန်းစီရင်း ကိုယ့်အလှည့်ရောက်မှာကို စောင့်နေလိုက်တယ်။

ရာသီဥတုက သိပ်မပူပေမယ့် အာခေါင်တွေခြောက်ပြီး၊ ရင်တွေခုန်နေတယ်။

လက်မှတ်ကောင်တာရှေ.ရောက်မှာ သိပ်ကြောက်နေမိတယ်။

ငါ ဘာဆက်လုပ်ရမလဲ။

နေ့တိုင်း မြို.ထဲသွားတဲ့ ရထားကို အကြောင်းမရှိဘဲ တတ်စီးပြီး၊ ဘူတာကျော်တာနဲ့ အိမ်လှည့်ပြန်တာ မင်းကြောင့်လို. ပြောရမလား။

အကြွေစေ့တွေ မရရအောင်လိုက်ရှာပြီး၊ လက်မှတ်လာဝယ်တာ မင်းနဲ့ စကားပြောချင်လို.ဆိုတာ ဖွင့်ပြောလိုက်ရမလား။

.

.

ကိုယ့်အလှည့်ရောက်လာတယ်။ ကံကောင်းသလား၊ ဆိုးသလားမသိဘူး..နောက်မှာ လူတစ်ယောက်မှ တန်းစီမနေဘူး။ ကိုယ်က နောက်ဆုံးဘဲ။

“အစ်မ မင်္ဂလာပါ။ ဒီနေ့လဲ အကြွေစေ့ဘဲ ပေးမလား၊ လူနဲနှဲရှင်းတယ်” ပိုးဟပ်ဖြူမလေးက ပြုံးရွှင်စွာ နှုတ်ဆက်တယ်။

“အာ… ဒီနေ့တော့ အကြွေမပါဘူး။ အချိန်လဲ သိပ်မရလို. ရိုးရိုးပိုက်ဆံဘဲပေးတော့မယ်။” ဆိုပြီး စကားကို မြန်မြန်ဖြတ်လိုက်တယ်။

သူမလဲ နဲနဲငြိမ်သွားပြီး၊ လက်မှတ်ဖြတ်ပေးတယ်။

“ ဒီအပတ် တနင်္ဂနွေနေ့ အားလားဟင်” သူမက မေးတယ်

မကြားချင်ယောင်ဆောင်ပြီး ကိုယ်လက်မှတ်ကို လှမ်းယူလိုက်ချိန် သူမလက်သည်းအချို.နဲ့ထိမိတယ်။ (သူမလက်သည်းတွေ နဲနဲရှည်လာပြီ)

ရင်ထဲမှာ ဆက်ခနဲတုန်သွားတယ်။ ဘာလို.မှန်းမသိ လူက အေးခနဲ ဖြစ်သွားမိတယ်။

သူမကို လှည့်ကြည့်လိုက်တော့ သူမက တိုးတိုးလေးပြောတယ်….”မနေ့က မဟေမာန်တောင် လာသွားသေးတယ်၊ သူက အစ်မနဲ့ ခင်တယ်လို.ပြောတယ်” ပြောရင်း ရွှေရောင် အကြွေစေ့လေး၂စေ့ပြန်အမ်းတယ်။

ဟာ….သွားပြီ။ ဟိုကောင်တွေ ဘာတွေ လျောက်ပြောထားလဲ မသိဘူး….

ကိုယ်ကြိုးစားပြုံးရင်း….. “ပိုတာယူထားလိုက်တော့ ညီမ…. Tip ပေးတယ်လို.ဘဲ သဘောထားပေးပါ” ပြောရင်း ခက်သွက်သွက်ပြေးထွက်လာခဲ့တယ်….

.

.

၁ရက်

၂ရက်

၃ရက်

….ရထားဘူတာရုံကို မရောက်ဖြစ်တာ ၃ရက်ရှိသွားပြီ။ လူက ဘယ်လိုမှ နေလို.မရလို. ဘူတာရုံဘက် ခြေဦးလှည့်မိတယ်…. စိတ်ထဲမှာတော့..သူမ စိတ်ဆိုးနေမလား၊ ဟေမာန် ဘာတွေ ပြောထားပါလိမ့်၊ ကိုယ့်ကို အထင်သေးသွားပြီလား… ဟူး အတွေးတွေ ဖွဲ.သီလို. မဆုံးတော့ဘူး……

ဘူတာရုံ လက်မှတ်ကောင်တာမှာ လူတစ်ယောက်မှ မရှိဘူး။

သူမကတော့ ရှိနေခဲ့တယ်။

ကိုယ် လက်မှတ်ကောင်တာရှေ.ရောက်တော့….

“မင်္ဂလာပါ” ဒီနေ့တော့ သူမ မပြုံးဘူး။

သေချာပြီ သူမ စိတ်ဆိုးသွားပြီထင်တယ်။

ရင်ထဲမှာ ဖန်ခွက်၁ခုကျကွဲသလို အသံအက်အက်လေး ကြားလိုက်ရတယ်။ လည်ပင်းတွေ ခြောက်ကပ်ပြီး၊ စကားအချို. ကြိုးစားပြောလိုက်တယ်။

“မြို.ထဲသွားတဲ့ လက်မှတ်တစ်စောင်လောက်”…..

သူမ တိတ်ဆိတ်စွာ ခဏငေးကြည့်နေတယ်….. မျက်ဝန်းမှာ မျက်ရည်စအချို.တွေ.တယ်…..

ဘာမှ မမေးဘဲနဲ့ ဖြောင့်ချက်တချို.ပေးမိတယ်…တနင်္ဂနွေနေ့မှာ ဘယ်သူနဲ့မှ ချိန်းမထားကြောင်းတွေ၊ မလိုအပ်ဘဲ ၀ယ်စီးဖြစ်တဲ့ ရထားလက်မှတ်အကြောင်းနဲ့ တကူးတကစုဆောင်းမိတဲ့ အကြွေစေ့တွေ အကြောင်းပေါ့…..

လက်မှတ်ဖိုး ပိုက်ဆံပေးဖို. ပိုက်ဆံအိတ်ကို ထုတ်လိုက်တော့….

“မပေးနဲ့” သူမက ရုတ်တရက်ပြောတယ်

“ဒီနေ့ အလုပ်မှာ မဲနှိုက်တာ လက်မှတ်၂စောင် မဲပေါက်ထားတယ်၊ အဲဒါ အစ်မကို ပေးမယ်” ဆိုပြီး အစိမ်းရောင် လက်မှတ် တစ်စောင် ထုတ်ပေးတယ်။

အသက်မဲ့နေတဲ့လူတစ်ယောက်လို သူမပေးတဲ့ လက်မှတ်ကို ဆွဲယူပြီး၊ ထွက်လာခဲ့တယ်….

ရင်ထဲမှာ ဟာနေတယ်….

လက်ထဲက လက်မှတ်ကို အမှတ်မထင်ကြည့်မိတယ်…

အရမ်းပျော်သွားတယ်….လက်မှတ်အနောက်မှာ ရေးထားတာက

“ဒီနေ့ ညနေ ၈း၀၀ အလုပ်ပြီးမယ်”………………….

း)







 မှတ်ချက်။ ။ ဒီနေ့ စာတွေဘဲရေးချင်နေတယ်... တတ်နိုင်ဘူး...ကောင်းကောင်း မကောင်းကောင်း ရေးပလိုက်ပြီ။ ဖတ်ချင်တဲ့သူ သည်းခံပြီးသာ ဖတ်ကြပေတော့.... ည၁၂နာရီကျော်ပြီ...ကျွန်တော်လဲ အိပ်တော့မည်....တာ့တာ

7 comments:

  1. ရေးထားပုံလေးက အရမ်းချစ်စရာကောင်းတာပဲ။ ခုမှပဲ စာရှည်ရှည်ဖတ်ရတော့တယ် ဒီလို စာရှည်ရှည်လေးတွေဖတ်ချင်တာ။

    ReplyDelete
  2. စိတ်ဝင်တစားနဲ့..ဆုံးတဲ့အထိ...ဖတ်သွားပါတယ်...း)ထပ်ပြီးလည်း..ဖတ်ချင်ပါသေးတယ်...

    ReplyDelete
  3. Tommy.က.တော်တော်စွံတာပဲ..ကောင်မလေးကတကယ်ကိုကြွေသွားတယ်..

    ReplyDelete
    Replies
    1. Haa haa. It's not my real life. Just create a story only. Now i try to start writing short novel. :)

      Delete
  4. ကောင်း၏..ကောင်း၏..း)..ဖတ်ရန်အသင့်!!!

    ReplyDelete
    Replies
    1. စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော် နေတဲ့နေရာမှာ ဘူတာရုံမရှိသလို၊ ခုခေတ် ဘူတာရုံတွေက လက်မှတ်ကို အဲလိုလဲ ၀ယ်စရာလိုတော့ဘူးလေ။ ဟီးဟီး... စိတ်ကူးယဉ် သတ်သတ်ပါ....း)

      Delete